Friday 14 June 2013

မိကျောင်းကန် အပိုင်း (၁) (၂) ပြ၁ဿနာ


မိကျောင်းကန် အပိုင်း (၁) (၂) ရှိ တပ်မတော်က သိမ်းထားသည့် မြေပေါ်မှ နေအိမ် ၂၀၀ ကျော်ကို အင်အားသုံး ဖယ်ရှားခဲ့သည့်အပေါ် ရှင်းလင်း
6.14.18

မိကျောင်းကန်အပိုင်း(၁)(၂)ရှိ နေအိမ်များ ဖယ်ရှားခံရသူ တစ်ဦးကို တွေ့ရစဉ်


သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁)နှင့်(၂) တပ်ပိုင်မြေပေါ်တွင် နေထိုင်သော နေအိမ် ၂၀၀ ကျော်အား ဇွန် ၁၃ ရက် နံနက် ၆ နာရီ အချိန်ခန့်မှစ၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့မှ အင်အားသုံး ဖယ်ရှားဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲကို ဇွန် ၁၄ ရက် ညနေ ၅ နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖယ်ရှားရှင်းလင်း ခံရသည့် မြေနေရာများအား မည်သို့ အသုံးချမည် ဆိုသည်နှင့် ပတ်သက်၍ သတင်းမီဒီယာများက မေးမြန်းရာတွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ယခုတက်ရောက်လာသည့် သူများ၏ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း၊ တပ်မြို့ စည်ပင်သာယာရေး အဖွဲ့၏ ကြီးကြပ်ရေးမှူး အထက်နှင့် လူကြီးများသာ သိနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူးကလည်း ၀န်ကြီးချုပ် ပြောသကဲ့သို့ ၎င်းအနေနှင့် မသိရှိပါကြောင်း ဖြေကြားခဲ့သည်။

''ဒီဟာကို နိုင်ငံတော် Project တစ်ခုခု (သို့တည်းမဟုတ်) ကုမ္ပဏီကို ငှားမှာလား။ ဒီ project ဆိုတာ နိုင်ငံတော်အဆင့် ဖြစ်တဲ့အတွက် ကျွန်တော်တိုYက တပ်မြို့စည်ပင် သာယာရေး အဖွဲ့တွေက မြေယာထိန်းသိမ်းတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်'' ဟု တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့သည်။
လက်ရှိ ဖယ်ရှားခံရသော နေအိမ်များကို အခြားမည်သည့် နေရာများတွင် ပြန်လည် နေရာချထားမည်နည်း ဟူသော မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးမိုးမင်းဝင်းက အဆိုပါ နေအိမ်များ ပြောင်းရွှေ့ရန် အချိန်ပေးပြီး ဖြစ်သောကြောင့် အစားထိုး နေရာပြန်ပေးရန် အစီအစဉ် မရှိကြောင်းနှင့် ပြောင်းရွှေ့နေသူများကို ပစ္စည်းများ သယ်ဆောင်ရန် ယာဉ်များ စီစဉ်ပေးထားကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


6.14.19
မိကျောင်းကန်အပိုင်း(၁)(၂)ရှိ နေအိမ်များမှ ဖယ်ရှားခံရသူတစ်ဦး ပစ္စည်းများ ရွှေ့ပြောင်းနေသည်ကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်ရဲကို)


၎င်းမြေနေရာသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး မြေ ၃၃ ဒသမ ၈၅၅ ဧက ကျယ်ဝန်းကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်တွင် တပ်မတော်မိသားစု သက်သာချောင်ချိရေး လုပ်ငန်းအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွက် လက်ရှိနေထိုင်သူများကို မြေငှားခဲ့ခြင်းဖြစ်ပြီး စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုအပ်လျှင် မြေကွက်မှ ဖယ်ရှားပေးပါမည်ဟု ခံဝန်ကတိ ပါရှိခဲ့ကြောင်း၊ ယင်းမြေနေရာမှ ပြောင်းရွှေ့ဖယ်ရှားပေးရန် ခြောက်ကြိမ်တိတိ အကြောင်းကြားခဲ့ကြောင်းနှင့် အခြားနေရာသို့ ပြောင်းရွှေ့ရန် လိုအပ်သည့် အချိန်ပေးခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် ဇွန် ၁၂ ရက်ထိ ဖယ်ရှားရန် အကြောင်းကြားခဲ့သော်လည်း ဖယ်ရှားခြင်း မရှိသဖြင့် ဇွန် ၁၃ ရက်တွင် အင်အားသုံး ဖယ်ရှားခဲ့ခြင်း ဖြစ်ကြောင်းနှင့် အခြေအနေ အရပ်ရပ်ကြောင့် တပ်မတော်မှ လိုအပ်လာသည့် အတွက် ယခုကဲ့သို့ အချိန်ပေးပြီး ဖယ်ရှားစေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် မဖယ်ရှားပါက တရားဥပဒေကြောင်းအရ ဆက်လုပ်မည်ဟုလည်း အသိပေး အကြောင်းကြားထားကြောင်း တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက ပြောကြားသည်။
အဆိုပါ မြေနေရာမှ မပြောင်းရွှေ့လို၍ ဆန္ဒဖော်ထုတ်မှု ငါးကြိမ်ခန့် ပြုလုပ်ခဲ့ကြပြီး နှစ်ကြိမ်အား ခွင့်မပြုခဲ့ကြောင်းနှင့် သုံးကြိမ်၌ ခွင့်ပြုခဲ့ကြောင်း သိရပြီး ထိုသို့ ခွင့်မပြု ခဲ့ခြင်းမှာလည်း ဆန္ဒဖော်ထုတ်ရန် လုံလောက်သည့် အခြေအနေ မရှိခြင်းကြောင့် ခွင့်မပြုခဲ့ခြင်း ဖြစ်သည်ဟုလည်း ရှင်းလင်းခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''မိကျောင်းကန်က နေအိမ်တွေကို အလွန်အကျွံ အင်အားသုံးပြီးတော့ ဖျက်ဆီးခဲ့တာကို ဖြေရှင်းဖို့ ခေါ်တာလို့ထင်တာ။ ရောက်ခါနီး ၅ မိနစ် အလိုလောက်ကျမှ သတင်းစာ ရှင်းလင်းပွဲဆိုတာ သိရတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ကို ဆွေးနွေးခွင့် ပေးတာမှ မဟုတ်တာ။ သူတို့ဟာ သူတို့ပဲ ဖြေနေတာ။ ကျွန်တော့်ဘက်ကတော့ ဒီလိုလုပ်တာဟာ ဥပဒေနဲ့ ညီမညီ၊ အလွန်အကျွံ အင်အားသုံးတာကို လုပ်သင့် မလုပ်သင့်၊ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းစ အများယုံကြည်အောင် လုပ်နေတဲ့ အချိန်မှာ ဒီလိုမောင်းထုတ်ခံရတဲ့ သူတွေရဲ့ မျက်ရည်တွေနဲ့ ဒုက္ခတွေကို အားလုံးသိပါတယ်။ အဲဒီအတွက် ဒီကိစ္စကို လွှတ်တော်ကို တင်ပြသွားမယ်။ ဒီနေ့ပဲ စာပို့ထားတယ်'' ဟု ပြောကြားသည်။
''မိုးတွင်းကြီးမှာ သူများတွေရဲ့ အသိုက်အမြုံတွေ အခြေအနေတွေပျက်၊ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခရောက်တာတွေကို တွေ့ရတာ စိတ်မကောင်း စရာပါ။ သတင်းဓာတ်ပုံ သွားရိုက်ရင်း ကာယကံရှင်တွေရဲ့ ငိုယိုနေတဲ့ မျက်နှာ၊ အဖြူအစိမ်း ၀တ်စုံတွေနဲ့ ကျောင်းသားကလေးငယ်လေးတွေကို မိုးရေထဲမှာ မြင်ရတဲ့အခါ အင်မတန်မှ ကြေကွဲရပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့တော့ အခုဖြစ်ရပ်ကို အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ဆိုတာကို တွေးမိတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လဲ ထင်ပါတယ်'' ဟု The Daily Eleven သတင်းထောက် ကိုသက်မျိုးမင်းက ပြောပါသည်။


http://www.news-eleven.com/local/yangon-news/20086
မူရင်းကိုကြည့်လိုပါက ဒီမှာကြည့်ပါ




No comments:

Post a Comment