5. ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၂) 

 

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင် ရွက်နိုင်သူ အဖြစ် အသိအမှတ်ပြုကာ နိုဗယ်ဆု ရထားခြင်းဖြစ်သည်။ ဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်း ဖြစ်သည်။ ဥပဒေ စိုးမိုးရေး မရှိလျှင် မည်သည့် အခါတွင်မျှ ပြည်တွင်း ငြိမ်းချမ်းရေး  မရနိုင်ကြောင်း သူမအသိဆုံးပင်။ သို့ပါလျှက်  သိန်းနှင့်ချီသည့် ကချင်လူထုများ စစ်ပြေး ဒုက္ခသည်ဖြစ်နေသည်အထိ မီးဟုန်းဟုန်း တောက်နေသည့် ကချင် ပြည်တွင်းစစ်ကို ဥပဒေစိုးမိုးရေးရှုဒေါင့် မှ နေ၍ ချဉ်းကပ်ဆောင်ရွက်ခြင်းမရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်သည်။

လက်ရှိ ကချင်ပြည်တွင်းစစ်ကို အရေးယူဆောင်ရွက်ရင်း တပြည်လုံးငြိမ်းချမ်းရေးအတွက် ဖေါ်ဆောင်နိုင်မည့် အခွင့် အလန်းရှိနေပါလျှက် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်လူထုခေါင်းဆောင်သည် အဘယ်ကြောင့် လုံးဝပင် ငြိမ်သက်တိတ်ဆိတ် နေသည်ကို နားမလည်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးပြသနာအား ဥပဒေစိုးမိုးရေး နှင့် ဆက်စပ်ဆွေးနွေးပါမည်။ ဥပဒေ၏ သဘောအခြေခံမှ စတင် တင်ပြပါမည်။
လူ့အဖွဲ့အစည်း၊ လူမှုဗေဒ နှင့် ဥပဒေ

ဥပဒေသည် လူ့အဖွဲ့အစည်းအတွင်းရှိ အရာကိစ္စတိုင်းကို မလွှမ်းခြုံပါ။ နေရာတကာတွင် ဥပဒေနှင့် ဖြေရှင်း၍မရ၊ ဖြေ လည်း မဖြေရှင်းသင့်ပါ။ သို့ရာတွင် ဥပဒေအား လူ့အဖွဲ့အစည်းက မွေးထုတ်ပေးလိုက်သဖြင့် ဥပဒေပြသနာများ[i] အား စဉ်းစားသုံးသပ်ရာတွင် လူ့အဖွဲ့အစည်း[ii]နှင့် ကင်းကွာ၍မရပါ။ ဥပဒေသည် လူ့အဖွဲ့အစည်း၏ အစိပ်အပိုင်း တရပ်မျှ သာ ဖြစ်သည်။

လူ့အဖွဲ့အစည်းက ဥပဒေကို လွှမ်းမိုးသည်။ တချိန်တည်းမှာပင် လူ့အဖွဲ့အစည်းက ဥပဒေအပေါ်မှီလည်း မှီခိုရသည်။ သို့ဖြစ်၍ လူ့အဖွဲ့ အစည်းနှင့် ဥပဒေသည် နီးကပ်သည့် ဆက်ဆန်ရေး[iii] ရှိသည်။ လူ့အဖွဲ့အစည်းအကြောင်းကို လေ့ လာသည့် လူမှုဗေဒပညာ[iv] နှင့် ဥပဒေ[v] သည်  ဆက်စပ်လျှက် ရှိသည်။ တချိန်တည်းမှာပင် ယင်းနှစ်ခုသည်  သီးခြားစီ လည်း ဖြစ်သည်။ လူမှုဗေဒပညာက ကျယ်ပြန့်၍ ယျေဘုယျဆန်သည်။ လူ့အဖွဲ့အစည်းတခုလုံးကို   လေ့လာသည်။ ဥပဒေက ကျဉ်းမြောင်း၍တိကျ သည်။ လူ့အဖွဲ့အစည်း၏ လူမှု နိုင်ငံရေး ရှုဒေါင့်များ[vi] မှသာ လေ့လာသည်။ ဥပဒေက အခိုင်အမာအချက်အလက်ရှိသော ဖြစ်ရပ်များကိုသာ စူးစိုက်သည်။ အခိုင်အမာအချက်အလက်မရှိသည့် ဖြစ်ရပ်များကို မစူးစိုက်။ လူမှုဗေဒ ပညာက နှစ်ခုလုံး[vii]ကို စူးစိုက်သည်။


မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို လူမှုဗေဒ နှင့် ဥပဒေ အခြေခံများမှ မည်သို့ချည်းကပ်မည်နည်း။


ပြည်ထောင်စု တည်ဆောက်ခြင်း၊ ပြည်ထောင်စု တည်ဆောက်ရာမှာ ပါဝင်ခြင်း၊ ညီညွတ်ခြင်း၊ ပြိုကွဲခြင်း၊ ပေါင်းစည်းလို စိတ်ရှိခြင်း၊ ခွဲထွက်လို စိတ် ရှိခြင်း စသည်တို့အား လူ့အဖွဲ့အစည်း တခုလုံးတည်ရှိနေသည့်  အနေအထားများ အပေါ် တွင် အခြေပြု၍ လူမှု ဗေဒ ပညာက လေ့လာသည်။ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင် စည်းရုံးမှုအရ လူများစု ဖြစ်သည့်မြန်မာများနှင့် အတူတကွ  လွတ်လပ်ရေး အရ ယူရန် ရှမ်း၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားများက ဆုံးဖြတ်ခဲ့ကြသည်။ ဤအခြေအနေကြီး တရပ်လုံးမှာ   လူမှု ဗေဒ နှင့် ဆိုင်သည်။ ဥပဒေ နှင့် အကြုံးမ၀င်သေးပါ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို စုပေါင်း လက်မှတ်ရေးထိုး လိုက်ကြ သောအခါ ယင်းစာချုပ်သည် လူမှုဗေဒအရ လူ့အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘော တူညီချက် ဖြစ်သွား ခဲ့သည်။ ဤအဆင့်အထိလည်း ဥပဒေ၏ အခန်းကမပါသေးပါ။



ပင်လုံစာချုပ်ကို လက်တွေ့အရ မည်သို့အကောင်အထည် ဖေါ်မည်နည်း ဟူရာတွင်မူ ဥပဒေကိစ္စဖြစ်လာသည်။ လူ့ အဖွဲ့အစည်း၏ အဆင့်အမြင့်ဆုံး သဘောတူညီချက်ကို စနစ်တကျ ဖေါ်ဆောင်ရေးအတွက် ဥပဒေ၏ အခန်း ကလိုအပ်လာသည်။ ပင်လုံစာချုပ်ကို ဖေါ်ဆောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်နှင့်   အခြားလိုအပ်သော ဥပဒေ တစုံလုံးကို အတည်ပြုကျင့်သုံးရပါမည်။ ယင်းသို့အတည်ပြုပြီးသော ဥပဒေများကို ပြန်လည်မှီခိုကာ လူ့အဖွဲ့အစည်း တရပ်လုံး လည်ပတ် စေရပါမည်။ ဤသည်မှာ မြန်မာနိုင်ငံလက်တွေ့အရ လူ့အဖွဲ့အစည်းနှင့် ဥပဒေဆက်စပ် လည် ပတ်မှုဖြစ်သည်။ လူမှုဗေဒသဘောအရ ပြည်ထောင်စုတခုလုံးတည်ဆောက်မှု၏အခြေခံသည် ပင်လုံစာချုပ်ဖြစ်သည်။ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွေ့  အကောင်အထည်ဖေါ်ရမည့် ဥပဒေများသည် ယင်းစာချုပ် ၏ အခြေခံကို ဆန့်ကျင်၍ မရပါ။



ပင်လုံစာချုပ်ကို ဘက်နှစ်ဘက်မှ ရှုမြင်ဘို့လိုသည်။ တဘက်တွင် ပြည်ထောင်စု အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ပြည်နယ် များ၏ တာဝန်ဖြစ်သည်။ ပြည်ထောင်စု အဖွဲ့ဝင်အဖြစ်ပါဝင်ရန် သဘောတူလိုက်သည့် အချိန်တွင်    လွတ်လပ်သည့် သီးခြား နိုင်ငံတည်ထောင်ခွင့်ကို လက်လွှတ်လိုက်ရသည်။ အခြားတဘက်တွင် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များ၏ အခွင့် အရေး ဖြစ်သည်။ စာချုပ်အရ ပြည်နယ်တခုစီ အတွင်းတွင်  ဒီမိုကရေစီအခွင့်အရေး နှင့် ကိုယ်ပိုင်  အုပ်ချုပ်ခွင့် အခွင့်အရေး နှစ်ရပ် ပေးရသည်။ ဤနှစ်ခုလုံးကို တပြိုင်နက် ထိမ်းသိမ်းနိုင်မှသာ ပင်လုံစာချုပ်ကိုဖေါ်ဆောင်ခြင်း ဖြစ် ပါမည်။



လက်ရှိ အချိန်တွင် မည်သည့်တိုင်းရင်းသား အင်အားစုမျှ လွတ်လပ်သည့် သီးခြားနိုင်ငံတည်ထောင်ရန် တိုက်ပွဲဝင်နေ ခြင်းမရှိပါ။ တိုင်းရင်းသားများသည် ပင်လုံစာချုပ်၏ ဘက်တဘက်ကို လိုက်နာနေပြီး ဖြစ် သည်။ ပြသနာမှာ တန်းတူ ရေးအပေါ်အခြေခံသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့် နိုင်ငံရေး အခွင့်အရေးများအား တိုင်းရင်းသားများ မရရှိသေးခြင်းဖြစ်သည်။ တိုင်းရင်းသားများအနေဖြင့် ယင်းအခွင့်အရေးများမရမခြင်း ပြည်တွင်းစစ် မီးကို ငြိမ်းနိုင်မည် မဟုတ်ပါ။



တိုင်းရင်းသားများအတွက် နိုင်ငံရေးအခွင့်အရေး ရရှိရေးနှင့် အပစ်ရပ်ရေး ဘယ်ဟာ အရေးကြီးသလဲ။      အပစ်ရပ်လိုက် ရုံမျှ နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမည်လား။

လူထုအများစု ၏ နားလည်မှုမှာ အပစ်ရပ်လျှင် ပြည်တွင်းငြိမ်းချမ်းရေး ရမည်ကဲ့သို့ ဖြစ်နေသည်။ အပစ်အခတ် ချက် ခြင်းရပ်ဟူသည့် ဆန္ဒပြတောင်းဆိုမှု အချို့ကို တွေ့ရသည်။ တိုက်ပွဲများ မဖြစ်စေ လိုသည့် အတွက် စေတနာကောင်း နှင့် တောင်းဆိုသူ လူထုများ၏ ဆန္ဒကို လေးစားရပါမည်။ သို့ရာတွင် တိုင်းရင်းသားများတောင်းဆိုနေသော နိုင်ငံရေး အခွင့်အရေးကို ပထမဦးစွာ ပေးအပ်ဘို့လိုသည်။ အပစ်ရပ်ရေးမှာ ဒုတိယ ဦးစားပေးသာ ဖြစ်သင့်သည်။



ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည်   ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည်။ သို့ရာတွင်   မည်သည့် နိုင်ငံရေး အခွင့်အရေးမျှ မရခဲ့ပါ။ ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ  ပြန်ဖြစ်လာခဲ့ပြီးနောက်    ကေအိုင်အို အနေဖြင့် ပင်လုံစာချုပ် ကို ကိုးကားလျှက် ကချင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားများရသင့်သည့် နိုင်ငံရေး  အခွင့်အရေး များ ရရှိရေးအတွက်အဓိက ဆွေးနွေးရန် တောင်းဆိုလာခဲ့သည်။ စာရေးသူသည် ကချင် လူမျိုးမဟုတ်၊ မြန်မာတဦးသာ ဖြစ်သည်။ စာရေးသူအနေဖြင့်မူ ကေအိုင်အို၏တောင်းဆိုချက် လမ်းမှန်သည်ဟု ယူဆသည်။ တနှစ်ခွဲကြာသွားခဲ့ပြီ ဖြစ် သော်လည်း ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသည် ကေအိုင်အို က တောင်းဆိုသည့် နိုင်ငံရေးဆွေးနွေး မှု ကို တိတိ ကျကျ မလုပ်၊ တရားဝင် မလုပ်။ ဟိုလိုလို သည်လိုလိုနှင့် အချိန်ဆွဲလာခဲ့သည်။



အခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့ အစည်းများနှင့် ဆွေးနွေးမှုများမှာလည်း အလားတူပင်ဖြစ်သည်။ ပြည်ထောင် စုဝန်ကြီးဦးအောင်မင်း က အလွတ်သဘော တွေ့ဆုံမှုများဖြင့်သာ ချွေးသိပ်ထားခဲ့သည်။ မည်သည့် အဖွဲ့၏တောင်းဆို ချက်ကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းကာ ဥပဒေပါအခွင့်အရေး အဖြစ် ပြဌာန်းပေးလိုက် သည် ဟူ၍ တကြိမ်တခါမျှ မရှိ။ ၂၀၀၈ ဖွဲ့စည်းပုံကို မထိမခိုက်ထားရှိပြီး ယင်းအောက်ကိုသာ တနည်းမဟုတ်တနည်း နှင့် ဆွဲသွင်းရန် အစိုးရက တဘက်က ကြိုးစားလာခဲ့သည်။ အခြားတဘက်က အပစ်အခတ်ရပ်စဲရေးကိုသာ ဖိအား ပေးခဲ့သည်။ ကေအိုင်အိုကို တိုက်နေသော စစ်တွင် ဦးသိန်းစိန်အစိုးရ၏ နည်းဗျူဟာ ရည်မှန်းချက်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးအတွက် စစ်ရေးအရ ဖိအားပေးရန် ဖြစ်သည်။ မဟာဗြူဟာ ရည်မှန်းချက်မှာ ကချင်ပြည် နယ်အတွင်းရှိ မြေယာကို ထင်သလို စီမံခန့်ခွဲ ခွင့်ရရန်၊ အဓိကအားဖြင့် ဖားကန့်ကျောက်စိမ်းမြေကို ပြန်လည်ထိမ်း ချုပ် အမြတ်ထုတ်၇န်ဖြစ်သည်။



ကချင်စစ်ပွဲ



ဒီဇင်္ဘာလ (၁၄) ရက်နေ့ကပင် ၁၂၀ နှင့် ၁၀၅ မီလီ မီတာ လက်နက်ကြီးများ၊ စစ်ရဟတ်ယာဉ်များ ကို သုံးကာ အစိုးရ စစ်တပ်က လိုင်ဇာကို ထိုးစစ်ဆင်ခဲ့သည်။ ခရစ်စမတ် ကာလအတွင်းမှာပင် အမြှောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် နေကြောင်းသိရသည်။ အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုနေခြင်း ဖြစ်သည်။ ငြိမ်းချမ်း ရေး အတွက် နိုဗယ်ဆုရထားသော လူထုခေါင်းဆောင်သည် ဤစစ်ပွဲမှာ သူမနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိဟုများ သဘောထားနေလေရော့သလားဟု မပြောရက်ပါ။ သို့သော်ဤသို့ပြောရမလို ဖြစ်နေသည်။ ငြိမ်သက်လွန်းလှသည်။



ကချင်စစ်ပွဲသည် အင်အားကြီးသူက အင်အားငယ်သူကို အနိုင်ကျင့်ခြင်း၊ မတရားမှုပြုခြင်း”  ထက်ပိုသော အဓိပ္ပါယ် ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ချုပ်ဆိုခဲ့ သည့် ပင်လုံစာချုပ်အပေါ်အခြေပြု၍ ကချင်ပြည်နယ်သည် ပြည်ထောင်စု အတွင်းသို့ပါဝင်လာခဲ့သည်။ ပင်လုံ စာချုပ် ၏ တရားဝင်ခိုင်ကျည်မှုကို ယနေ့အထိ မည်သူမျှ မငြင်းနိုင်။ ပင်လုံစာချုပ်အရ ကချင်တို့သည် မိမိတို့ပြည်နယ် ကို မိမိတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည်။ မိမိတို့ပြည်နယ်အစိုးရကို မိမိတို့ ရွေးချယ် တင်မြှောက်ခွင့်ရှိသည်။ မိမိတို့မြေယာကို မိမိတို့စီမံခန့်ခွဲခွင့်ရှိသည်။ ပြည်ထောင်စု အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်းမှ မြေပေါ် မြေအောက် သယံဇာတများကို တူးဖေါ်ထုတ်လုပ်ရောင်းချလိုသည်ဆိုလျှင် ကချင် လူထုထံမှ သဘောတူညီချက်ယူရမည်။ ကချင်ခေါင်းဆောင်များနှင့် ညှိရမည်။



ကချင်ပြည်နယ်အပါအ၀င် တိုင်းရင်းသားပြည်နယ်များ ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်လာခြင်းမှာ မိမိတို့ပြည်နယ်အတွင်း ရှိ မြေယာများအား ပြည်ထောင်စု အစိုးရက ထင်သလိုစီမံခန့်ခွဲပါဟု ၀ကွက် အပ်နှံလိုက်ခြင်း မဟုတ်။ မိမိတို့ပြည်နယ် အား မိမိတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံများကို မပျက်စေဘဲ ပြည်ထောင်စုအတွင်း သို့ဝင်ရောက် လာခြင်းဖြစ်သည်။ ဤသဘောတရားသည် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များ အားလုံးကို လွှမ်းခြုံသည်။ မည်သည့် ပြည်ထောင်စု အစိုးရတွင်မျှ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအတွင်းရှိ မြေယာအပေါ် ထင်သလိုစီမံခန့်ခွဲခွင့်မရှိပါ။ ယခုလက်ရှိ ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရသစ်တွင် ပို၍ပင် မရှိပါ။ အဘယ်ကြောင့် ဆိုသော် ပြည်ထောင်စု အစိုးရစစ်စစ် မဟုတ်သောကြောင့်ဖြစ်သည်။
မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို လက်ပံတောင်းတောင် နှင့် ဖားကန့်နိုင်းယှဉ်ခြင်း



လက်ပံတောင်းတောင်သည် စစ်ကိုင်းတိုင်းတွင် ရှိသည်။ ဖားကန့်သည် ကချင်ပြည်နယ်တွင် ရှိသည်။ ၄င်းဒေသ နှစ်ခု ၏ တူညီချက် နှင့် ကွာခြားချက်တို့ကို နိုင်းယှဉ်ကြည့်ကြရအောင်ပါ။ လက်ပံတောင်း တောင်ရှိ လယ်သမားများတွင် လယ်မြေကို တဦးချင်းပိုင်ဆိုင်ခွင့် (လယ်လုပ်သူ လယ်ပိုင်ခွင့်) နှင့် ၄င်း တို့အခြေစိုက် နေထိုင်လျှက်ရှိသော ကျေးရွာ ၀န်းကျင်ရှိ မြေယာများအား စုပေါင်း အသုံးချခွင့်ရှိသည်။ ဆိုလိုသည် မှာ လက်ပံတောင်း ဒေသခံလူထုတွင် တဦးချင်း အခွင့်အရေး နှင့် စုပေါင်းအခွင့်အရေးများ ဟူ၍ အခွင့်အရေး နှစ်ရပ် ရှိသည်။ ထိုနည်းတူစွာပင် ဖားကန့်ဒေသခံ ကချင် လူထုတွင်လည်း အလားတူ အခွင့်အရေးနှစ်ရပ်ရှိသည်။ ကွာခြား ချက်သည် အဘယ်နည်း။



စစ်ကိုင်းတိုင်းသည် ပြည်နယ်မဟုတ်ပါ။ စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် သည် အဆင့်အတန်းခြင်း မတူပါ။ ကချင် ပြည်နယ်သည် ပင်လုံစာချုပ်အခြေခံတွင် ပြည်ထောင်စု ဖွဲ့စည်းရာမှာပါဝင်လာသော အဖွဲ့ဝင်ယူနစ်ကြီး[viii] တခု ဖြစ် သည်။ စစ်ကိုင်းတိုင်းသည် ယင်းသို့မဟုတ်ပါ။ စစ်ကိုင်းတိုင်းသည် စာရေးသူကဲ့သို့သော မြန်မာလူမျိုးအများစု နေထိုင်ရာ ဒေသကြီး တနည်း အားဖြင့် (ပြည်ထောင်စု အဖွဲ့ဝင်ယူနစ်ကြီး) ၏ အစိပ်အပိုင်း တရပ်သာ ဖြစ်သည်။ စစ်ကိုင်းတိုင်း တခုတည်းက ပြည်ထောင်စု ဖွဲ့စည်းရာမှာ ပါဝင်သည့် အဖွဲ့ဝင်ယူနစ်ကြီး တခုမဟုတ်ပါ။ သို့ဖြစ်၍ ပြည်နယ် ဟု မခေါ်ဘဲ တိုင်းဟုသာ ခေါ်ထားခြင်းဖြစ်သည်။



ပြည်နယ်အတွင်းနေထိုင်သော လူထုက တိုင်းအတွင်းနေထိုင်သော လူထုထက်သာလွန်သည့် အခွင့်အရေးတရပ် ရှိ သည်။ ယင်းမှာ မြေယာအပေါ် ပြည်နယ်များအလိုက် စီမံခန့်ခွဲခွင့်ဖြစ်သည်။ တိုင်းများသည်လည်း ယင်းအခွင့်အေ၇း ကို လိုခြင်လျှင် တိုင်းများအားလုံးကို စုပေါင်း၍ ပြည်နယ်တခုအဖြစ်ပြန်လည် ဖွဲ့စည်းရပါမည်။ ပြည်ထောင်စု အဖွဲ့ဝင် ယူနစ် တခုအဖြစ် အသွင် ပြောင်းရပါမည်။



မြေယာအပေါ် စီမံခန့်ခွဲခွင့်သည် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအပေါ် အခြေခံသည့် လုပ်ပိုင်ခွင့်အာဏာအတွင်းတွင် ပါဝင်သည်။ ဤသည်ကို နိုင်ငံတော် ဟူသော စကား၏ အဓိပ္ပါယ်နှင့် ဆက်စပ်လျှက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ တွင် အောက်ပါရှင်းလင်း ဖွင့်ဆိုချက်တွင် လေ့လာနိုင် သည်။
နိုင်ငံတော်ဟူသော စကားမှာ ပြည်ထောင်စု နိုင်ငံ၏ သို့တည်းမဟုတ် ပြည်ထောင်စု အဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကို သော်လည်းကောင်း၊ ဥပဒေပြုမှု အခွင့်အာဏာကို သော် လည်းကောင်း ဆိုလိုသည်။

၎င်းအရ နိုင်ငံတော်ဟူသောစကားလုံးကို ပြည်ထောင်စု တခုတည်းက ကိုယ်စားပြုသုံးစွဲခွင့် ရှိသည်မဟုတ်။ ပြည် ထောင်စု အဖွဲ့ဝင်ပြည်နယ်များလည်း ကျင့်သုံးခွင့် ရှိသည်။ လက်တွေ့အရ မြေယာအပေါ်စီမံခန့်ခွဲခွင့်ကို ပြည်ထောင် စု နှင့် ပြည်နယ် ပူးတွဲ၍ကျင့်သုံးခွင့်ရှိသည်ဟု မှတ်ယူရပါမည်။ ယင်းမှာ ပြည်ထောင်စု၏ ပူးပေါင်းစုစည်းမှု သဘောကို လည်းပြ၊ ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်တခုခြင်းစီ၏ စီမံ ခန့်ခွဲခွင့်ကိုလည်း အသိအမှတ်ပြုရာရောက်သည်။ အဖွဲ့ဝင် ပြည်နယ်တခု၏ ဓနချမ်းသာအား လိုအပ်ပါက ပြည်ထောင်စု အဖွဲ့ဝင် အခြားပြည်နယ်များ၏ အကျိုးစီးပွားအတွက် မျှဝေခံစားခွင့်ရကြစေရန် ဦးတည်သည်။ ဤသည်မှာ ပင်လုံစာချုပ်၏ အခြေခံနှင့်ကိုက်ညီကြောင်းတွေ့ရ ပါမည်။



 ပြည်ထောင်စုတခုလုံးလက်ရှိဖြစ်ပေါ်နေသောပြသနာမှာ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုးကားလျှက် နိုင်ငံတော်ဟူ သည် ကို ဦးသိန်းစိန်အစိုးရ တခုတည်းက ကိုယ်စားပြုသုံးစွဲကာ ကချင်ပြည်နယ်အပါအ၀င် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် များ အတွင်းရှိ မြေယာများအပေါ် အစိုးရအနေဖြင့် ထင်သလိုစီမံခန့်ခွဲနေခြင်းဖြစ်သည်။ တိုင်းရင်းသား ပြည်နယ်တိုင်း နီးပါးဒေသခံပြည်နယ်လူထု၏ စီမံခန့်ခွဲခွင့် နှင့် အကျိုးစီးပွားမှာ ပျောက်ဆုံးလျှက်ရှိနေသည်။ 
ဖားကန့်ကျောက်စိမ်းမြေကို စီမံခန့်ခွဲမှု ပြသနာ



ဦးသိန်းစိန်အစိုးရသည် ပြည်ထောင်စုအဖွဲ့ဝင် ကချင်ပြည်နယ်အတွင်းရှိ ကချင်လူထုရသင့်သည့် နိုင်ငံရေး အခွင့်အရေး မပေးဘဲ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးရန်သာ ကေအိုင်အိုအား ဖိအားပေးကာ ထိုးစစ်များဆင်နွှဲလျှက်နေသည်။  သမတဦးသိန်းစိန်က အပစ်ရပ်ဘို့ သူ့တပ်ကို အမိန့်ပေးထားတယ်လို့ တဘက် က ပြောနေပေမယ့် အခြား တဘက် ကတော့ လက်နက်ကြီးတွေ စစ်ရဟတ်ယဉ်တွေပါ သုံးပြီး ကေအိုင် အို ကို ထိုးစစ် ဆင်နေတယ်။ဟု ထောက်ပြသူ များ ရှိလာသည်။ လက်တွေ့အရ ယင်းထောက်ပြချက်များ မှန်ကန်ကြောင်း မည်သူမျှ မငြင်းနိုင်ပါ။



စစ်တပ်က သမတအမိန့်ကိုမနာခံလို့ဘဲဟု ဝေဘန်သူများ ရှိလာသည်။ ယင်းဝေဘန်ချက်နှင့် စပ်လျှဉ်း၍မူ လက်ခံ သည့် အပိုင်းရှိသလို ဖြည့်စွက်ခြင်သည့် အပိုင်းလည်းရှိသည်။ လက်ခံရခြင်းမှာ သမတအနေဖြင့် စစ်ခေါင်းဆောင်သစ် များကြီးစိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ)ကို အမိန့်မပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ကာလုံက ပေးလိုက်သည့် ညွှန်ကြားချက်ကိုသာ ဦးသိန်းစိန်က လိုက်နာ နေရခြင်းကြောင့် ဖြစ်သည်။  စစ်ခေါင်းဆောင် ဟောင်း ဖြစ်သော ဦးသိန်းစိန် သည် စစ်ခေါင်းဆောင်သစ်များ ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ် နှင့်  ဒုတိယ ကာကွယ် ရေး ဦးစီးချုပ်တို့ကို အမိန့်ပေးနိုင်သူ မဟုတ်၍ဖြစ်သည်ဤသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံ၏ လက်တွေ့ဖြစ်သည့်အပြင် ဤဖွဲ့စည်းပုံတည်ရှိနေသမျှ လူထုတရပ်လုံး ရင်ဆိုင်ရမည့် ပြသနာကြီးလည်း ဖြစ်သည်။

ဖြည့်စွက်ခြင်သည့် အပိုင်းမှာ ကေအိုင်အိုကို ထိုးစစ်များ ပြန်လည် ဆင်နွှဲနေခြင်းမှာ သမတ နှင့်   စစ်ခေါင်းဆောင်များ အကြားတွင် သဘောထား ကွဲလွဲ၍ မဟုတ်ပါ။  သဘောထား  ကွဲခြင်ယောင်ပြု၍   ထိုးစစ်ဆင်နေခြင်းသာ  ဖြစ်သည်။ အဘယ်ကြောင့်နည်း။ စီးပွားရေး အကျိုးအမြတ်ကြောင့် ဖြစ်သည်။ ဖားကန့်ကျောက်စိမ်းဒေသကို  ပြန်လည် လွှမ်းမိုး အမြတ်ထုတ်လိုခြင်း နှင့် ကေအိုင်အိုက လိုင်ဇာမှ တဆင့်ထိမ်းချုပ်ထားသည့် တရုတ်နှင့် ကုန်သွယ်ရေး လမ်းကြောင်း ကို စိုးမိုးလိုခြင်းတို့ကြောင့် ဖြစ်သည်။



ဖားကန့်ဒေသ၏ အခြေအနေကို အကြမ်းဖျင်းလေ့လာကြည့်ရအောင်ပါ။ ဖားကန့်ဒေသမှ ထွက်သောကျောက်စိမ်းများ အား ကမ္ဘာ့ဈေးကွက်သို့တင်ပို့ရောင်းချုပြီး နှစ်စဉ်ပင်   စစ်အစိုးရအဆက်ဆက်က အမေရိကန် ဒေါ်လာ သန်း ပေါင်း မြောက်များစွာ ရနေကြောင်း အားလုံးအသိ ဖြစ်သည်။ ဦးသိန်းစိန် အစိုး၇တွင် ဘဏ္ဍာေ၇းအရ   အကြပ်အတည်း  နှင့် လက်ရှိ ရင်ဆိုင်ရလျှက်ရှိသည်။ ကေအိုင်အိုနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက်တွင် ဦးသိန်းစိန် အစိုးရက ကျောက်စိမ်းတူးဖေါ်ခွင့် လိုင်စင်ချပေးထားသည့် ကုမ္ပဏီ ကြီးငယ်ပေါင်း ၃၇၀ ကျော်မှာ လုပ်ငန်းများ ရပ်ဆိုင်း ထားရ သည်။ ၄င်းတို့ရှာဖွေထားသည့်ကျောက်စိမ်းအမြောက်အများမှာ ဖားကန့်ဒေသမှအပြင်သို့ မထုတ်နိုင်သေးဘဲ ဂိုဒေါင် များအတွင်း ယခုတိုင်အောင်းလျှက်ရှိနေသည်။
အစိုးရနှင့် ကေအိုင်အိုအကြား စစ်ပွဲများ ပြန်လည်  ဖြစ်ပွားလာပြီးနောက်တွင်  ဖားကန့်ကျောက်စိမ်းမြေ  အများစုကို ကေအိုင်အို က ပြန်လည်ထိမ်းချုပ် ထားနိုင်ခဲ့သည်။ ကုမ္ပဏီ တခုလျှင် အစောင့်သဘော ငါးဦးမှ ဆယ်ဦးအကြား တွင် သာ ဆက်လက်နေထိုင်ခွင့်ပေးပြီး ကျန်သူအားလုံးကို ဖားကန့်မှ ထွက်ခွာခိုင်း၊ တူးဖေါ်ရေး လုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းခိုင်းထားလိုက်သည်။ ပုဂ္ဂလိကပိုင် ကုမ္ပဏီဟူ၍ အမည်ခံလုပ်ဆောင်နေကြသဖြင့် ၄င်းတို့၏ ပစ္စည်းများအား ကေအိုင်အိုက ၀င်ရောက်နှောက်ယှက် ဖျက်ဆီးခြင်းမပြု။ စင်စစ်အားဖြင့်မူ ကျောက်စိမ်းတူးဖေါ်ခွင့်ရထားသည့်ကုမ္ပဏီ ကြီးများတွင် အစုရှယ်ယာပါသူအတော်များများမှာ စစ်ခေါင်းဆောင် ဟောင်းသစ်များ နှင့် ၄င်းတို့၏ ဆွေမျိုးသားချင်း များ၊ ခရိုနီများ ဖြစ်နေကြောင်းကြားရသည်။ ချုပ်၍တင်ပြရလျှင် ကျောက်စိမ်းတူး ကုမ္ပဏီ များ၏   ဂိုဒေါင်ကြီး များတွင် အောင်းနေသော ကျောက်စိမ်းများအား အမြန်ဆုံးထုတ်ယူကာ နေပြည်တော် တွင် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်း (မတ်လ ဖြစ် မည်ဟု ခန့်မှန်းရသည်။) တွင် ခင်းကျင်းပြသမည့် ရတနာပြပွဲတွင် ရောင်းချရန် ဖြစ်သည်။ ထို့ကြောင့် ကေအိုင်အိုကို စစ်ရေးအရ ဖိအားပေးအပစ်ရပ်ခိုင်းပြီး ဖားကန့်ကျောက်စိမ်းဒေသကို ထင်သလို အမြတ်ထုတ်ရန်မှာ ဦးသိန်းစိန်အစိုးရ နှင့် ကာလုံ၏ ရည်မှန်းချက် ဖြစ်နေသည်။
ကချင်စစ်ပွဲ၏ အနှစ်သာရကို သုံးသပ်ခြင်း။

ကချင်ပြည်နယ်ကို ထိမ်းချုပ်နိုင်ရေးအတွက် စစ်အစိုးရအဆက်ဆက်က တပ်ရင်းပေါင်း ၄၀ ခန့်တပ်စွဲထားရကြောင်း၊ ကေအိုင်အိုနှင့် စစ်ပွဲများပြန်ဖြစ်လာပြီးနောက် မြန်မာနိုင်ငံတ၀ှမ်းမှ နောက်ထပ်တပ်ရင်းပေါင်း ၄၀ ခန့်အား ထပ်မံ ခေါ် ယူကာ ကေအိုင်အိုအား ထိုးစစ်  ဆင်လျှက်ရှိကြောင်း စစ်ရေးကျွမ်းကျင်သူများက ခန့်မှန်းကြသည်။   တပ်ရင်း (၈၀) ခန့်အတွက် နေ့စဉ်ကုန်ကျစားရိပ်များ မည်မျှ များပြားမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။ ပြည်ထောင်စု အတွင်း ရှိ လူထုကြီး တရပ်လုံး၏ ပညာရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့ အတွက် သုံးရမည့်ငွေများအားစစ်တပ်တခုတည်း က အလဟသ ဖြုန်းတီးလျှက်ရှိသည်။ ၄င်းတို့ဘာအတွက် စစ်တိုက်နေကြသနည်း။



ငြိမ်းချမ်းရေးအတွက် လေ့လာရေးခရီးအဖြစ် ကိုမင်းကိုနိုင် ကချင်ပြည်နယ် အတွင်းသို့သွားရောက်ခဲ့သည်ကို တန်ဘိုး ထားရပါမည်။ ပြည်တွင်းငြိမ်းချမ်းရေးရစေလိုသော ၄င်း၏ စေတနာကို အသိအမှတ်ပြုရပါမည်။ ဖားကန့်ဒေသတွင် လက်နက်ကြီးနှင့်ပစ်ခတ်မှုများအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက် ကိုမင်းကိုနိုင်က တဘက်နှင့် တဘက် ကျည်ဆန် တလုံးကို ကျပ်သိန်းသုံးဆယ် လောက်တန်တဲ့ လက်နက်ကြီးတွေနဲ့ပစ်နေကြတယ်ဗျာ။ အဲသည်ငွေတွေကို လူထု ပညာရေး၊ ကျမ္မာရေး အတွက် သုံးလိုက်ရင် ဘယ်လောက်ကောင်းမလဲ။ဟု ထုတ်ဖေါ်ပြောဆိုခဲ့ကြောင်းကြားရသည်။



စင်စစ်အားဖြင့်မူ တဘက်နှင့်တဘက် လက်နက်ကြီးများနှင့် ပစ်ခတ်နေကြခြင်း မဟုတ်ပါ။ ဖားကန့်ဒေသတွင် အခြေပြု လှုပ်ရှားလျှက်ရှိသော ကေအိုင်အေတပ်များတွင် ၁၂၀ မီလီမီတာ၊ ၁၀၅ မီလီမီတာ အစရှိသော လက်နက်ကြီးများ လုံးဝ မရှိကြောင်း ဒေသခံလူထုများက ပြောကြပါသည်။ ကိုမင်းကိုနိုင်တို့ ကချင်ပြည်ခရီးထွက် နေစဉ် လက်နက်ကြီးများနှင့် ပစ်ခတ်သူမှာ ဦးသိန်းစိန်အစိုးရ၏ တပ်များဖက်ကသာဖြစ်သည်။ လူထုငွေများ မဖြုန်းတည်းရေး ကိစ္စကို ပြောဆိုကန့် ကွက်ရမည်မှာ ဦးသိန်းစိန်အစိုးရကို ဖြစ်သည်။ ကာလုံကိုသာ ဖြစ်သည်။



ပို၍ထင်ရှားသည်မှာ ပြီးခဲသည့် ရက်သတ္တသုံးပတ်အတွင်းက ဖြစ်ပွားခဲ့သော စစ်ပွဲများတွင် ဖြစ်သည်။ ကေအိုင်အိုဌာန ချုပ် လိုင်ဇာကို ဒီဇင်္ဘာလ ၁၄ ရက်နေ့ တနေ့တည်း ထိုးစစ် ဆင်ခဲ့သည့်အတွက် ဦးသိန်းစိန်အစိုးရ၏ စစ်ပွဲကုန်ကျ စားရိပ်မှာ ကျပ်သိန်းပေါင်း သိန်းတသောင်းခန့်ရှိမည်ဟု ခန့်မှန်း တွက်ချက်ကြသည်။ ယင်းငွေများအား လူထု၏ ပညာ ရေး၊ ကျမ္မာရေး၊ ဖွံ့ဖြိုးရေးတို့ အတွက်သာ သုံးစွဲသင့်ကြောင်း ဦးသိန်းစိန် အစိုးရကို ဖြစ်စေ၊ ကာလုံကို ဖြစ်စေ၊ မည်သူ ကမျှ ထိထိ ရောက်ရောက် ကန့်ကွက်ပြောဆိုသံမကြားရပါ။  တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံးသည် မည်သို့ လျှင် ဆင်းရဲတွင်းမှ ထွက်နိုင်ပါအံနည်း။ ဦးသိန်းစိန်အစိုးရ၏ စစ်ရေး အသုံးစားရိပ်သည် ဤမျှနှင့် မရပ်သေးပါ။



ခရစ်စမတ်နေ့များ တ၀ိုက်မှာဘဲ စားရိပ်ကြီးလှသော လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဆက်လက်ကုန်ကျခံကာ ထိုးစစ် ဆင်ရန်တာစူနေပြန်သည်။ အဘယ် ကြောင့်နည်း။ ကေအိုင်အိုဌာနချုပ် လိုင်ဇာကို စစ်ရေးအရ တဖက်က ဖိထားပြီး ဖားကန့်ကို ပြန်သိမ်းနိုင်လျှင် ငွေကြေးအရ ယခုကုန်ကျထားသည်ထက် အဆများစွာ အကျိုးအမြတ်ရမည်မှာ သေချာ သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဦးသိန်းစိန်အစိုးရက ကေအိုင်အိုကို ဆင်နွှဲနေသော စစ်၏ အနှစ်သာရမှာ တိုင်းပြည် ငြိမ်းချမ်းမှု တည်ငြိမ်မှု အတွက် မဟုတ်။ စီးပွားရေး အကျိုးအမြတ် ကြောင့်သာ ဖြစ်ကြောင်းထင်ရှား သည်။ သို့ဖြစ်၍ လူထု စီးပွားရေးတိုးတက်စေရေးအတွက် လက်ရှိကချင်စစ်ပွဲကို သာဓကပြုလျှက် ပြည်တွင်းငြိမ်းချမ်း ရေးပြသနာအား အဖြေရှာရန်လူတိုင်းတွင် တာဝန်ရှိလာသည်။ ကချင်စစ်ပွဲ သည် ကချင်များနှင့်သာ သက်ဆိုင်သလိုမျိုး စဉ်းစားနေကြ လျှင်မူ ဖျောက်သင့်ပါပြီ။



တိုင်းပြည်အတွင်းရှိ သဘာဝသယံဇာတများအား ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ                   

လူထုကြီး တရပ်လုံး ခံစားခွင့်ရရေး အတွက် ဥပဒေရှုဒေါင့်မှ ဘယ်လိုဆောင်ရွက်သင့်သလဲ။



(က) ဖွဲ့စည်းပုံအခြေခံဥပဒေ



၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တော့ အလုပ်မဖြစ်နိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ဟူသည်ကို ကိုယ်စားပြု ကာ ပြည်ထောင်စုအစိုးရအမည်ခံ ဦးသိန်းစိန်အစိုးရက ပြည်နယ်များ၏ မြေယာများအပေါ် ထင်သလိုစီမံခန့်ခွဲခွင့် ရနေ သောကြောင့်ဖြစ်သည်။ ပြည်ထောင်စုက ကျောက်မျက်ရတနာများနှင့် စပ်လျှဉ်း ၍ လုပ်ပိုင်ခွင့်အားလုံးကို ရယူထားပြီး ကျောက်စိမ်းတကယ်ထွက်ရှိသည့် ကချင်ပြည်နယ်အတွက်မူ ကျောက် ဖြတ်တောက်ခြင်း၊ သွေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့် မျှလောက်သာပေးထားသောကြောင့်လည်းဖြစ်သည်။ အခြားပြဌာန်းချက်များလည်း မြောက်များလှစွာ ရှိနေပါသေး သည်။ သို့ဖြစ်၍ တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့အား နိုင်ငံရေးအရ အာမခံချက်ပေး နိုင်မည့် ဖက်ဒရယ် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေသစ်တရပ် လိုအပ်နေပါသည်။



(ခ) လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ  

ကုမ္ပဏီ တခုအဖွဲ့အစည်းတခုက ဈေးကွက်ကို လက်ဝါးကြီးမအုပ်နိုင်ရန် လက်ဝါးကြီးအုပ်မှုမှ ကာကွယ်သည့် ဥပဒေ   ( Anti- Trust Law ) တခုကို ပြဌာန်းရပါမည်။ ဂျပန်နိုင်ငံအပါအ၀င် ဈေးကွက်ကို အဓိကထားပြီး စီးပွားရေးတိုးတက်မှု ရအောင်လုပ်ဆောင်နေသည့် ဒီမိုကရေစီ နိုင်ငံကြီးများတွင် အလားတူ ဥပဒေများ ပြဌာန်းကျင့်သုံးလျှက်ရှိကြသည်။ ဖါးကန့် ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်း တခုတည်းမှာပင်ကုမ္ပဏီပေါင်း ၃၇၀ ကျော်လုပ်ကိုင်နေကြသည့်အနက် ကုမ္ပဏီ တချို့ ကသာ လက်ဝါးကြီးအုပ်ထားကြောင်း နှင့် ဒေသခံ ကချင်လူမျိုးပိုင်သည့် ကုမ္ပဏီမှာ နှစ်ခုသာ ရှိကြောင်း လေ့လာရ သည်။



(ဂ) သတင်းဆိုင်ရာ ဥပဒေ

စီးပွားရေးလုပ်ငန်းကြီးများ အပါအ၀င် တိုင်းပြည်မှာ ဖြစ်ပျက်နေသည့် အခြေအနေအရပ်ရပ်ကို လူထုများသိခွင့်[ix] ရှိစေ ရန် သတင်းဆိုင်ရာဥပဒေ [x] တခုကို ပြဌာန်းရပါမည်။ အိမ်နီးခြင်းနိုင်ငံများဖြစ်သော အိန္ဒိယ နှင့် ထိုင်းနိုင်ငံမှာပင် ယင်း ဥပဒေကို ပြဌာန်းကျင့်သုံးလျှက်ရှိကြောင်း လေ့လာနိုင်သည်။ သတင်းဆိုင်ရာဥပဒေ၏ သဘောမှာ တိုင်းပြည်၏ ထိပ် တန်းလျှို့ဝှက်ချက်အဖြစ်သတ်မှတ်ထားသော ကိစ္စရပ်တချို့မှလွဲ၍ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအ၀၀အားလုံး အား လူထုတွင် မေးမြန်းခွင့်ရှိကြောင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များက ဖြေကြားရမည်ဖြစ်ကြောင်း ပြဌာန်း ထားရသည်။



သာဓက အားဖြင့် ကချင်ပြည်နယ်မှ ထွက်ရှိသည့် သဘာဝသယံဇာတ ကျောက်စိမ်းမှ နှစ်စဉ်ငွေကြေးမည်မျှ တိုင်းပြည် က ရရှိနေသနည်း။ မည်သူမျှ အတိအကျ မသိရပါ။ ယင်းငွေကြေးများအနက် ပြည်ထောင်စု အတွင်းရှိ အခြားပြည်နယ် များအတွက် သုံးလိုက်သည် ဆိုလျှင် မည်သည့်ပြည်နယ်၊ မည်သည့် လုပ်ငန်းအတွက် မည်မျှ သုံးလိုက်ကြောင်း မသိ ရပါ။ မူရင်းခံစားခွင့်ရှိသည့် ကချင်ပြည်နယ်အတွက် မသုံးတာတော့ သေချာသည်။ ဝေးဝေး မကြည့်ပါနှင့်။ ကချင်ပြည် နယ် ပြည်ထောင်စု အဖွဲ့ဝင်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာခဲ့ပြီ ဖြစ်သော်လည်း မြစ်ကြီးနားမှ ဖားကန့် သို့သွားသည့် ကားလမ်းမှာ မြေလမ်းသာသာ အဆင့်သာရှိသေးသည်။ အစိုးရနှင့် ကေအိုင်အိုအကြား လွန်ခဲ့သော တနှစ်ခွဲက စစ်ပွဲပြန်ဖြစ်ပြီးနောက် ကေအိုင်အိုက ချိုးလိုက်သည့် တံတားများအနက် အများစုကြီးမှာ ကေအိုင်အိုကပင် ဆောက်ပေးထားခဲ့သော တံတားများဖြစ်ကြောင်း လူထုက ပြောကြသည်။ ကချင်ပြည်နယ်က ထွက်သည့် သဘာဝ သယံဇာတများကို အသုံးပြု၍ ကချင်လူထုဘ၀ တိုးတက်ဖွံ့ဖြိုးရေးအတွက် နှစ်ပေါင်းငါးဆယ်ကျော် စစ်အစိုးရများ အဆက်ဆက်ဘာတွေ လုပ်ခဲ့ပါသနည်း။ တခုမျှ ရှာမတွေ့ပါ။



ဖားကန့်ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းတွင် ကုမ္ပဏီပေါင်း ၃၇၀ ကျော်အား ဦးသိန်းစိန်အစိုးရက လိုင်စင်များ ချပေး သည် ဆိုရာတွင် ယင်းကုမ္ပဏီများအစုရှယ်ယာဝင်များမှာ မည်သူတွေနည်း။ တဦးလျှင် မည်မျှအထိ အစုရှယ် ယာ ထည့်ဝင်ထားကြသနည်း။ ၄င်းတို့ထည့်ဝင်ထားကြသည့် အစုရှယ်ယာများအတွက် တိုင်းပြည်ကို တရားဝင် အခွန် ဆောင်ထားပြီးပြီလား။ ကျောက်စိမ်းတူးဖေါ်ခွင့်ရ၇န် မည်သည့်ကုမ္ပဏီက မည်မျှ အခွန်ဆောင်ထားသနည်း။ အခွန်ငွေ စုစုပေါင်းမှာ တနှစ်လျှင် မည်မျှ ရှိသနည်း။ ပြည်သူလူထုတွင် သိခွင့် ရှိပါသည်။ သတင်းဆိုင်ရာ ဥပဒေပေါ်ထွက်လာ လျှင် လူထုသိနိုင်မည့် လမ်းကြောင်းပွင့်သွားနိုင်ပါသည်။ လူထုအကျိုးစီးပွားအတွက် သဘာဝသယံဇာတများကို အသုံး ချ၇န် အကြံပေးခွင့်၊ ကြီးကြပ်လုပ်ဆောင်ခွင့်များ ရလာနိုင်သည်။



ဘယ်ဟာက မတရားတဲ့ ကျူးကျော်စစ်လဲ။ ဘယ်ဟာက တရားတဲ့ခုခံစစ်လဲ။



တိုင်းရင်းသားပြည်နယ်များမှ ထွက်ရှိသည့် သဘာဝသယံဇာတများမှ ၀င်ငွေများကို အသုံးပြု၍ စစ်အစိုးရ အဆက် ဆက်၏ ထိပ်သီးဗိုလ်ချုပ်ကြီးများ၊ ၄င်းတို့၏ ဆွေမျိုးသားချင်းများ၊ ခရိုနီများသာ ကြီးပွားချမ်းသာနေကြသည်။ စစ် အာဏာရှင်စနစ်၏ ဗဟိုချက်မအနေဖြင့် နေပြည်တော်ကြီးကို ရွှေပြည်တော်ကြီးဖြစ်အောင် တည်ဆောက်နေကြသည်။ တိုင်းရင်းသားပေါင်းစုံလူထုကြီးမှာ ဆင်းရဲတွင်းနက်သည်ထက် နက်လာသည်။ စစ်အာဏာရှင်များ အာဏာတည်မြဲရေး အတွက် အသက်ပေးတိုက်ပွဲဝင်နေကြရသော အောက်ခြေတပ်မှုးများနှင့် ရဲဘော်များမှာ ကချင်ပြည်နယ်အတွင်းတွင် မတရားသောကျူးကျော်စစ်ကို ဆင်နွှဲနေကြရသည်။ ဤသည်ကို ရပ်တန်းက ရပ်သင့်ပြီ။ ရဲဘော်ထု၏ အသက်များ မဆုံးရှုံးစေသင့်တော့။



ပင်လုံစာချုပ်အရ ကချင်ပြည်နယ်ရသင့်ရထိုက်သည့် နယ်တွင်းကိုယ်ပိုင်အုပ်ချုပ်ရေးကို အသိအမှတ်ပြုပါက စစ်အစိုးရ ၏ တပ်များ ကချင်ပြည်နယ် မှ ထွက်ခွာသွားရုံသာရှိသည်။ အပစ်ရပ်သွားပါမည်။ ကေအိုင်အိုအနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန်ပင် မလိုပါ။ အဘယ်ကြောင့်ဆိုသော် ကေအိုင်အိုသည် မြေပြန့်ဒေသကို ဆင်းလာပြီး ထိုးစစ်ဆင်မည် မဟုတ်၊ နေပြည်တော်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်မည် မဟုတ်သောကြောင့် ဖြစ်သည်။



ကေအိုင်အိုသည် ကချင်လူထုကိုဖိနှိပ်ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်လျှင် စစ်ပြေးဒုက္ခသည် ငါးသောင်းကျော်သည် အဘယ်ကြောင့် ကေအိုင်အိုထိမ်းချုပ်ထားရာနယ်မြေမှာ သွားရောက်ခိုလှုံနေကြသနည်း။ အပစ်အခတ်ရပ်စဲရေး ပျက် ပြီး ကေအိုင်အိုက စစ်အစိုးရအား ပြန်လည်တိုက်ပွဲဆင်ခဲ့သည့် လွန်ခဲ့သော တနှစ်ခွဲကစပြီး ကေအိုင်အိုအပေါ် ကချင် လူထု ၉၀%ကျော်က ထောက်ခံလျှက်ရှိနေကြောင်း လေ့လာရသည်။



နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်ပါ။ စစ်အစိုးရ အဆက်ဆက်သာ ပြောင်းသွားသည်။ မိုးဦးကျတွင် ပေါက်သည့်မှိုများကဲ့သို့ ဗိုလ်ချုပ်ဦးရေ အရေအတွက်အမြောက်အများပေါ်လာသည်။ မည်သည့်တိုင်းရင်း သား တော်လှန်ရေး အဖွဲ့အစည်းကြီး တခုတလေကိုမျှ စစ်ရေးနည်းလမ်းသက်သက်အရ အမြစ် ပြုတ်တိုက်နိုင်ခဲ့ သည် မရှိပါ။ ယခုလည်း ငွေကြေးမြောက်များစွာ၊ လူအင်အားမြောက်များစွာသုံးနိုင်လျှင် ကေအိုင်အိုဌာနချုပ်လိုင်ဇာကိုသိမ်း၍ ရခြင်ရမည်။ သည်မှာ သိမ်းလျှင် ဟိုမှာ နောက်တခုပေါ်လာပါဦးမည်။ စစ်ရေးသက်သက်တခုတည်း နှင့် မည်သည့်အခါ တွင်မျှ ကေအိုင်အိုကို အမြစ်ပြတ် ချေမှုန်းနိုင်မည် မဟုတ်ကြောင်း စာရေးသူရာနုံးပြည့် အာမခံပြောနိုင်သည်။



ဒေါ်အောင်ဆန်းစုကြည်သို့ မြှော်မှန်းချက်



ပြည်တွင်းငြိမ်းချမ်းရေး နှင့် ဥပဒေစိုးမိုးရေး အတွက် ဒေါ်အောင်ဆန်းစုကြည်များစွာစွမ်းဆောင်နိုင်လိမ့်ဦးမည် ဟု မြှော် လင့်သည်။ စွမ်းဆောင်စေလိုသည့် သဘောနှင့်လည်း တင်ပြနေခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် နိုင်ငံ တကာ၏ အသိအမှတ်ပြုမှု၊ ပြည်တွင်းလူထု အများစု၏ ထောက်ခံမှု ရှိနေဆဲ ဖြစ်သဖြင့် ယင်းကို ပြည်တွင်းငြိမ်းချမ်း ရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် ထိထိရောက်ရောက် အသုံးချစေခြင်ပါသည်။



ကချင်စစ်ပွဲကို ဒေါ်အောင်ဆန်းစု ကြည် ဥပက္ခာပြုမထားသင့်တော့ပါ။ တပြည်လုံးပြည်တွင်း ငြိမ်းချမ်းရေး အတွက် စတင်လှုပ်ရှားရန် အခွင့်အလန်းအနေဖြင့် မှတ်ယူပြီး အမြန်ဆုံး အရေးယူဆောင်ရွက်သင့်ပါသည်။ ဒေါ်အောင်ဆန်းစု ကြည် ဥက္ကဌ တာဝန်ယူထားသော ဥပဒေစိုးမိုးရေးကော်မတီကို အသုံးချဆောင်ရွက်ရန် ကြိုးပမ်းနိုင်လျှင်သင့်လျော်ပါ မည်။ ဘယ်အလုပ်ကို လုပ်ပါဟု သမတ ဦးသိန်းစိန်က တာဝန်ပေးမှ  ဥပဒေစိုးမိုးရေးကော်မတီ အနေဖြင့် အလုပ်လုပ်၍ ရနိုင်မည် ဟူလျှင်မူ ဥက္ကဌနေရာမှ အမြန်ဆုံးထွက်သင့်ပါသည်။ လူထုက အားကိုးသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကြီး သည် အစိုးရ၏ ခိုင်းဖတ်မဖြစ်သင့်ပါ။ မိမိကိုယ်တိုင်၏ လွတ်လပ်သော ဦးဆောင်မှုဖြင့် ကမကထပြုဖေါ်ဆောင်ခြင်း သည်သာ အသင့်မြတ်ဆုံး ဖြစ်ပါမည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် သမတဖြစ်နိုင်ပါမည် ဟူ၍ မက်လုံးချပေးထားသည် ကို ဟုတ်ယောင်နိုးနှင့် စစ်ခေါင်းဆောင်များ မနှစ်သက်မှာ စိုးရိမ်သဖြင့် တိုင်းပြည်နှင့် လူထုအတွက် လက်တွေ့ နှင့် အမြန်ဆုံးလိုအပ်နေသော ငြိမ်းချမ်းရေး ကိစ္စများအား လက်ရှောင်တာမျိုး ဖြစ်လျှင် မသင့်တော်ပါ။



ပြည်တွင်းငြိမ်းချမ်းရေးအတွက် လေ့လာစုံစမ်းရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားရောက်မည် ဆိုလျှင် ကေအိုင် အို ဌာနချုပ်လိုင်ဇာ မှ ကချင်ခေါင်းဆောင်များသည်လည်းကောင်း၊ ကေအိုင်အို ထိမ်းချုပ်ထားရာ နယ်မြေ အတွင်း  ရှိ ကချင်ဒုက္ခသည်ပေါင်း ငါးသောင်းကျော်သည်လည်းကောင်း၊ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြလိမ့်မည်ဟု စာရေးသူ ယုံ ကြည်သည်။



စာဖတ်သူများသို့



ဒေါ်အောင်ဆန်းစုကြည်၏  ဦးဆောင်မှုအား ဝေဘန်လျှင် ပြန်လည် တိုက်ခိုက်မှုများ ကျရောက်လာ လိမ့်မည်ဟု   မူလ ကထဲက မြှော်မှန်းခဲ့ပြီးဖြစ်သည်။ အရေအတွက်အရမများလှသော်လည်းထင်သည့်အတိုင်းပင် ဖြစ်ပါသည်။ ထိုသူတချို့ မှာ စာရေးသူ တင်ပြသည့်အကြောင်းအရာအပေါ်တွင် မသုံးသပ်။ ပုဂ္ဂိုလ်ရေး အရထိုးနှက်မှုများ လုပ်လာပါသည်။



ကမ္ဘာပေါ်တွင် ဝေဘန်မခံရသည့် နိုင်ငံရေးခေါင်းဆောင်ဟူ၍ မရှိပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဘန်ရေးကို ကြိုဆိုမည့် ခေါင်းဆောင်မျိုးဖြစ်မည်ဟု စာရေးသူမြှော်လင့်သည်။ ဝေဘန်ရုံမျှနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဘန် ရအောင် ခင်ဗျားကိုယ်တိုင် ကရော ဘာလုပ်ခဲ့လို့လဲ။ဟု ပုဂ္ဂိုလ်ရေး  တိုက်ခိုက်လာသူများကိုမူ ရိုးသားစွာ ပြန်ကြားပါ မည်။ မှန်ပါသည်။ စာရေးသူလည်းများများမလုပ်နိုင်ပါ။ အနည်းအကျဉ်းမျှသာ လုပ်နိုင်ပါသည်။ သို့ရာတွင် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးလူထုတိုက်ပွဲသမိုင်း၌ မိမိလုပ်ဆောင်နိုင်ခဲ့သမျှ အနည်းအကျဉ်းကလေးသည်ပင် ခင်ဗျားကရော ဘာလုပ်ခဲ့လို့လဲ။ဟု မိမိကိုစိမ်ခေါ်သည့်ပုဂ္ဂိုလ်အောက်၊ နိမ့်ကျလျော့နည်းမည်မဟုတ်ဟူသည်ကိုမူ ပြောလို ပါ သည်။ မည်သို့မျှ သဘောထားမည်တော့ မဟုတ်ပါ။



ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း မဟုတ်ဘဲ စာရေးသူတင်ပြသည့် အကြောင်းအရာအပေါ်တွင် မတူသည့် အမြင်ဖြင့် တုန့်ပြန် ကြသူများ၊ မိမိ၏ တင်ပြချက်ကို လက်ခံ၍ တဆင့်ဖြန့်ဝေကြသူများ၊ မိမိကိုကျေးဇူးတင်ကြောင်း စာရေးသားကြသူများ အားလုံးကို အသိအမှတ်ပြုကြောင်း၊ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောလိုပါသည်။



အပိုင်း (၃) ကို ဆက်လက်ဖတ်ရှုပါရန်                                                                                           

အောင်ထူး (ရှေ့နေ)                                                               ဒီဇင်္ဘာလ (၂၇) ရက် ၂၀၁၂ ခုနှစ်  

No comments:

Post a Comment