ကန်စွန်းရွက် နှင့် ဆေးကျမ်းအဆို
ဆေးအဘိဓာန်ကျမ်းကြီးများ၌ -
ကန်စွန်းရွက်သည် ချိုငန်သော ရသရှိ၏။ အေး၏။ နို့နှင့် သုက်ကို ပွားစေတတ်၏။ ဝမ်းမီးကိုလည်း ဖြောင့်စေတတ်၏။
ရူးသွပ်သောအနာ သည်းခြေနှင့် ယှဉ်သောအနာတို့ကို နိုင်၏။ ငန်းမန်းရှိသော အနာကို ဗူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြိး
အနာကိုဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏။ ရေ၌ဖြစ်သော ပိုးတို့ကို ပယ်တတ်၏။ နူနာ ရောဂါ၌ အကျိုးပြု၏။
ကာမစိတ်ကို ထက်သန်စေ၏။ လေ သလိပ်ကို ဖြစ်စေ၏။
ကန်စွန်းရွက်မှ ညှစ်၍ရသော အရည် (သတ္တု ရည်) သည် မီးလောင်နာ ရေငတ် ဆီးနှင့်ပတ်သက်သော ရောဂါတို့ကိုပျောက်ကင်းစေ၏။
ရက်ချန်ဖျား သန္နိပါတ်ဖျားတို့ ၌ ပေးရ၏။ ဘိန်းနှင့်စိန် အဆိပ်တောက်များကိုလည်း ပြေစေ၏။
သွေးဝမ်းရောဂါ၌အရွက်ကို ဟင်းချက်စားသော် သွေးဝမ်းကိုရပ်တန့်စေ၏။ အလွန်ပူလောက်ခြင်းကို ပျောက်စေ၏။ ၎င်းပြင် အန်ဆေး ပိုး
ဝမ်းပိုက်ရောင် အဖျား ဝါသင့်နာ ချောင်းဆိုး အသည်းနှင့်စပ်သော ရောဂါတို့၌လည်း အကျိုးပြု၏။
၎င်း၏ အရိုးသည် ပူပန်သော အနာကိုငြိမ်းစေ၏။ သည်းခြေကို မပွားစေတတ်။ လေသက် လေကျ၍ လေရ၏ ဟုဆိုထား၏။
ရသဓာတု ကျမ်း၌ -
ကစွန်းသညာ၊ သို့သည်သာရှင့်၊ ရသာဆွေးနွေး၊ ဂုဏ်ပြန့်မွှေးသား၊ ဧး သည် ဧကန်၊ ငန်သည်လည်းကောင်း၊ အကြောင်းနှစ်ဝ
ထိုရသကြောင့်၊ ပိတ္တသေမှံ၊ ရောဂံမငြိ၊ ပျောက်ဘိရှင်းကွာ၊ မချွတ်ရာတည့် - ဟု ဆိုထားသည်။
နယရာသီ ကျမ်း၌ -
အနာပဆုပ် ရောဂါ၌ မန်းဝင်သော် " မန်းရောက်လျှင်မူ၊ လယ်တွင်ကန်စွန်း၊ ဟင်းသောက်ညွှန်းလော့ " ဟူ၍၎င်း
စိန်စားချေသော်၊ မသေတို့လော၊ လျင်ဆောရှားရွက်၊ ကန်စွန်းရွက်နှင့်၊ ဟင်းချက်သောက်စေ၊ မပြေတို့လော၊ ဥာဏ်တိမ်ကော၍၊
သဘောမှောက်မှား၊ ဘိန်းဝမ်းလားသော်၊ ကြက်သားပြုတ်ရည်၊ ရေကြည်ကန်စွန်း၊ ချွန်းချွန်းအရွက်၊ နှစ်ပါးဖက်၍၊ ဟင်းချက်သောက်စေ - ဟူ၍၎င်း ပြဆိုထား၏
နယသြသဓ ကျမ်း၌ -
ကပ်ရောက်သမျှ၊ ကျဘဟုံးနာ၊ မှာရင်းကျင်ငယ်၊ ရေနှင့်နယ်၍၊ မပြယ်မရှောင်၊ ဆေးမအောင်သော်၊ ထုတ်ဆောင်ကန်စွန်း၊ ရောပြွမ်းတတည်း၊
ထမင်းရည်ရောရာ၊ ကြိတ်ပြီးသာလျှင်၊ နားမှာလည်းတို့၊ အချို့အရေ၊ သောက်စားစေသော်၊ ပျောက်ပြေကင်းချုပ် - ဆိုထား၏။
ဥတုရသာဆေး ကျမ်း၌ -
" ဖောင်းပွစိုရွှန်း၊ ရေကန်စွန်းလည်း၊ စားဝမ်းချိုအေး၊ သည်းခြေမွေး၍၊ သွေးနှင့်စုမက်၊ သလိပ်ပျက်သည် " ဟု လင်္ကာသွယ်တန်း၍
ရေကန်စွန်းသည် ချိုအေး၍ သွေးသည်းခြေကိုထိန်းသည်၊ သလိပ်ပျက်၏ - ဟု ဆိုထား၏။
ဓာတုစိန္တာ ဆေးကျမ်း၌ -
ကန်စွန်း မုံလာ စသော အရွက်မျိုးမှာ ဥဏှဒါဟမီးကြီးသူ ဆီးချုပ်သူ သလိပ်နည်းသူ ပန်းနာရှိသူ ချောင်းဆိုးသူ နှင့် စပ်လေ - ဟုဆိုထားသည်။
ဤသို့ ကန်စွန်းရွက်၏ ဆေးဘက်ဝင်ပုံကို ဆေးကျမ်းများက အခိုင်အမာပြဆိုထားကြသည်။ ကန်စွန်းရွက်ကား ပေါ၏။ တောရော မြို့ပါ ရလွယ်၏။
တန်ဘိုးမကြီးလှ။ သို့ရာတွင် တန်ဘိုးကြီး၍ အရမလွယ်သော ဆေးများပင်လိုက်မမှီအောင် အချို့သောရောဂါကြီးများအတွက် အစွမ်းထက်လှသည်
ကိုမူ သိသူရှားပေသေးသည်။ ဖေါ်ပြပါ ရှေးဆရာမြတ်တို့၏ စကားရပ်များသည် စိတ်ကူးယဉ်စာတန်း ထားခဲ့ခြင်းမျိုးမဟုတ်ကြ။ လက်တွေ့ကို မှတ်တမ်း
တင်ခဲ့ခြင်းများသာဖြစ်သည်။ သို့ပင်တစေ စာရှုသူတို့ အနေဖြင့် ကိုယ်တွေ့ မကြုံရသေးသည်နှင့်မမျှ မယုံမရဲသာရှိချေမည်။ " သိုက်စာဖတ်ရာ၊ နားထောင်ပါ၊ ဥစ္စာရနိုးနိုး "
ဆိုသည့်ပမာကဲ့သို့ " ဆေးစာဖတ်ရာ၊ နားထောင်ပါ၊ ရေဂါပျောက်နိုးနိုး " သာဖြင့်နေပေမည်။ သို့အတွက် ရှေးအခါမှ ယနေ့တိုင် ကန်စွန်းရွက် အစွမ်းဖြင့် အံ့မခန်းဖြစ်အောင်
လူနာပေါင်းများစွာကို လက်တွေ့ကယ်မ ကုသလျက်ရှိနေကြသော ဆရာကြီးများ၏ ကိုယ်တွေ့ကုထုံးမှတ်တမ်းများကို ဆက်လက်တင်ပြလိုက်ပါသည်
ဓာတ်ဆရာကြီး ဦးပို
" ကန်စွန်းရွက်သည် ငန်းမန်းကို ကျစေနိုင်၏ " ဟုဆေးကျမ်းကြီးများ၌ပြဆိုထားသည်။ မှန်ပါသည်၊ မန္တလေးခေတ်က ဓာဆရာကြီး ဦးပိုသည် ဖားပြုပ်ကိုက်၍ မန်းအန်းရောက်မှ သိရသော
လူနာကို ကန်စွန်းရွက်နှင့်အုတ်မှုန့်ကို ရောနှောစပ်လျက် လိမ်းသုတ်စေခဲ့ရာ ၂ ရက်ခန့်ကြာလျှင် မန်းအန်းများကျ၍ အနာမှာကောင်းစွာပျောက်ငြိမ်းသည် ဟုမှတ်တမ်းရှိခဲ့ဘူးလေသည်။
" ဖားပြုပ်လာ အုတ်နှင့်ဖိ " ဟူသော ဓာတ်ပညာနည်းအရ ဖားပြုပ် မှာ = သောမ ၊ အုတ် မှာ = ပါပ ဓာတ်ဖြစ်၏။ အပြင်းဆေးချက်မှာ ရန်ဓာတ်ကိုပေးရမည်ဖြစ်၍ ဖြူးပေးခြင်းဖြစ်၏။
ကိုက်ခါစမဟုတ်၍ မန်းအန်းရောက်လာခဲ့လျှင် အုတ်မှုန့်ကို မန်းအန်းပြေစေတတ်သော ကွန်စွန်းရွက် ၊ ဗူးရွက်စသော အရွက်တို့နှင့်လိမ်းသုတ်စေက ပြေငြိမ်းပျောက်ကင်းနိုင်၏ ဟု
ဓာတ်ပညာနည်းကို မခြေခံလျက် လက်တွေ့ကုသမှုတွင် သင့်တန်သလို အသုံးပြုခဲ့သည်။
ဤ၌ ဆေးပညာများစွာရှိရာတွင် သြဋ္ဌာရိက သုခုမဆေးပညာအမြင်အရ ပြဆိုမှသာ " က-ကတစွန်းပင် ဆေးဘက်ဝင် " ကြောင်းပို၍ သဘာဝကျပေလိပ်မည်။ သြဋ္ဌာရိကသုခုမ ဆေးပညာ
ဟူသည် ရန်ကုန်မြို့ သမိုင်း ချည်စက်ရိပ်သာ ဆရာတော် ဦးမဟန္ဒ၏ ဆေးသင်တန်းနှင့် ဆေးပေးခန်းမှ ကုနည်းဟုဟန်ကို ကျွန်ုပ်၏ လက်တွေ့ဖြင့် ထောက်ခံပြဆိုပါမည်။
ကွန်စွန်းရွက်ဖြင့် လက်တွေ့ကုသပုံ
မုံရွာခရိုင် အရာတော်မြို့နယ် သစ်ချိုရွာ နေ အသက် ၇၁ - နှစ်ရှိသူ ဒေါ်ငြိမ်းချမ်း၏ မငြိမ်းချမ်းအောင် ဖြစ်ရပုံမှာ ခြေမ နှင့် ခြေညှိုး ကြားတွင် ဝါးရိုးထိုးမိရာမှ မန်းအန်းများလိုက်ကာ ကုဋ္ဌာအနာ
ကဲ့သို့ဖြစ်လာ၏။ အသားများကြွေ၍ ဒူးဆစ်အထိ ဖြတ်ပြစ်ရမလောက် အခြေနေရောက်လာခဲ့သည်။ အရက် ၂၀ ခန့်တွင် ကံကောင်းထောင့်မ၍ သြဋ္ဌာရိကသုခုမ ဆေးပညာရှင် ဆရာကြီး
တစ်ဦးနှင့်တွေ့ခဲ့သည်။ ဆရာကြီးသည် ကန်စွန်းရွက် များကိုကြိတ်၍ အနာပေါ်တွင် အုန်ပေးသည်။ ၎င်း ကန်စွန်းရွကနှင့်ပင် တစ်နေ့ ၃- ကြိမ်ဖန်ရေဆေးပေးသည်။ တစ်လခန့်ကြာသောအခါမှာ
အနာသည် ရှင်းရှင်းပျောက်ခဲ့၍ အနာရွတ်မျှသာမြင်ရတော့သည်။ ကန်စွန်းရွက် ၏ အစွမ်းကား အံ့မခန်းပင်ရှိလှပေသည်။
သွေးတိုးနှင့် ကန်စွန်းရွက်
ကန်စွန်းရွက်သည် အနာတွင်သာစွမ်းသည်မဟုတ်။ ယနေ့လူစားတို့၏ သွေးလန့်ကြောက်ရွံနေရသော သွေးတိုးရောဂါအတွက်လည်း အသုံးဝင်သော ဆေးပင်တစ်မျိုးဖြစ်သည်။
ရောဂါရှင်မျာ အသက် ၅၅- နှစ်ရှိသော မုံရွာမြို့မှ ကျောင်းဆရာကြီး ဆရာရှန်းဖြစ်သည်။ ဆေးအမျိုးမျိုး ဆရာအမျိုးမျိုးတို့နှင့် ကုသခဲ့၏။ မရ။ တဖြေးဖြေးရောဂါတိုး၍ လုံးဝအစာ
မဝင်အောင်ဖြစ်လာခဲ့သည်။ လှုပ်ရှားမရအောင် မောပန်းနေပြီး ဆေးကိုလည်းမမျိုနိုင် မူးလည်းမူး၏။ ဆရာပင့်ခေါ်ရာမျာမပင် " အိမ်နားရောက်၍ ငိုသံမကြားရမှ ဆရာကြွလိုက်ခဲ့ပါ "
ဟု စကားခံပြီး ပင့်ခေါ်ရသည်။ သြဋ္ဌာရိက သုခုမ ဆေးပညာရှင် ဆရာကြီးသည် ဆေးမျိုနိုင်သူ လူနာအား ငန်းဆေး (အာပေါ) ဆေးကိုအနည်းငယ်မျှ လျှာပွတ်၍ပေးသည်။
ကန်စွန်းရွက် နှင့် ထန်းလျက် ချိုချိုပြုတ်၍ နိုင်နိုင်တိုက်ပေးသည်။ အစာကို မျိုနိုင်လောက်မှ သမုဋ္ဌာန်ကျအတိုင်း ဆေးအစာကို ဆက်လက်ပေးသည်။ ကန်စွန်းရွက်ပြုတ်ရေကိုကား
အပြတ်မခံပေ။ ကုစတွင် တနေ့လျှင် ၂-ခေါက်ခန့်ဆရာကိုယ်တိုင်ကြွ၍ ကြပ်မကုသပေးသည်။ ၈- လမျှကြာသောအခါ လုံးဝရှင်းရှင်းပျောက်ကင်းချမ်းသာမှုရခဲ့ပေသည်။
သစ်ပင်တစ်ပင်အောက်မှ အမှိုက်ချ မီးရှို့၍ ၎င်းမီး၏ အရှိန်ကြောင့် ဝါယောဓာတ် (လေ) သည် ကစားနေခြင်းကဲ့သို့ လူနာတွင်လေလှုပ်ရှားနေသည်။ ထို့ကြောင့် မူးခြင်းစသည်
ဖြစ်ရသည်။ လှုပ်သောအရာကို ထိန်းပေးထားရုံမျှဖြင့်ခေတ္တသက်သာမှုကိုသာ ရစေနိုင်မည်။ ပဓာနဖြစ်သော မီး ကိုမငြိမ်းသမျှထာဝရ ပျောက်ကင်းချမ်းသာမှုကိုရနိုင်မည်မဟုတ်ချေ။
ကန်စွန်းရွက်ကို ကြွေးခြင်းသည် တေဇော (မီး) ကိုနှိမ်ခြင်းဖြစ်အောင်ဟု ကျိုးကြောင်းဆက်ဥာဏ်ဖြင့် အဖြေမှန်ရအောင်ရှာကြံကြပ်လေ။ ဆေးကျမ်းများအဆိုအရ ကန်စွန်းရွက်၏
" ဝမ်းမီးကို ဖြောင့်စေခြင်း၊ အလွန်ပူလောင်ခြင်းကို ပျောက်ကင်းစေခြင်း၊ သွေး သည်းခြေကိုထိန်းခြင်း " စသောဂုဏ်ရသတို့သည် အထက်ဖော်ပြပါ ရောဂါ ပျောက်ကင်းခြင်း၏ အစွမ်း
သတ္တိများဟု သဘောပေါက်သင့်၏။
ကန်စွန်းရွက် နှင့် လေငန်း
မုံရွာမြို့မှ ဒေါ်စောရင်သည် လက်တဖက်လုံးဝသေနေသည်၊ တကိုယ်လုံးရောင်နေသည်၊ ခြေနှင့်ပိုက်မှာပို၍ အရောင်များသည်၊ ဘယ်လိုမှမရွှေ့နိုင်။
ကျင်ကြီးသွားရာမှာပင် ဂျိုင်းနှစ်ဖက်ကို ကိုင်၍ မ ပေးထူပေးမှ သွားလို့ဖြစ်သည်။ ဒူးမှာ အမြဲလိုကိုက်နေသည်၊ ဆေးကို ၃-ရက် တနေ့ ၃-ကြိမ်တိုက်သည်။
ကန်စွန်းရွက် ကို ထန်းလျက်နှင့်ပြုတ်၍ ရေငတ်တိုင်း သောက်စေသည်၊ အရောင်များ လျှောကျအောင် အခါး (ဝါယော) ဆေးကို ၆-ရက် တိုင်တိုင်လိမ်းပေးသည်။
၃-ရက်ရ သောအခါ တုတ်ကိုစွဲကိုင်ပြီး ထနိုင်သည့်အခြေသို့ရောက်လာသည်။ ၃-ရက်လွန်သောအခါ အခါး(ဝါယော) ဆေးသို့ပြောင်းလိုက်ကာ ကန့်ကလာပြုတ်ရေကို
တနေ့လျှင်ဖန်ခွက် ၄-လုံးခန့်တိုက်ပေးသည်။ ၆-ရက်ရသောအခါ ရွှေ့ရွှေ့သွားနိုင်လာသည်။ ၇-ရက်မြောက်မှစ၍ အထက်နည်းအတိုင်း ဆေးအစာကို တကြော့ပြန်၍
တိုက်သည်။ လိမ်းဆေးကို အခါး (ဝါယော) ဆေးနှင့် ငန်းဆေး (အာပေါ) ဆေးကိုစပ်၍ လိမ်းပေးသည်။ ထိုအခါဆံပင်ကို ကိုယ်တိုင်ထုံးနိုင်လာသည်။ ဖေါ်ပြပါနည်းအ
တိုင်း အာဟာရနှင့် ဝါယောဆေးများကို ၂၄-ရက်တိုင်အောင် တိုက်ကျွှေးကုသရာ ဆရာလက်လွှတ်လို့ရသော အခြေနေသို့ရောက်လာသည်။ ၄၅-ရက်တိုင်အောင် ဆေး
များကို အမြစ်ပြတ်ပျောက်ကင်းသည့်အထိစားစေပါသည်။
ကန်စွန်းရွက် အားလုံးကောင်းပါသည်
သမုဋ္ဌာန်အလိုက် ထိုက်သလိုပေးကျွှေးကုသတတ်လျှင် ကန်စွန်းရွက်သည် လက်တွေ့အားဖြင့် နူနာရောဂါကိုလည်း ပျောက်ကင်းစေနိုင်၏။ ပိုက်နာအော့အန်ခြင်း
အတွက်လည်းထက်မြက်၏။ သည်းခြေသမုဋ္ဌာန်နာ၌ ကလေးများအတွက် သန်ကျဆေးလည်း ဖြစ်နိုင်သည်။ နို့မထွက်လျှင် ကန်စွန်းရွက်ကို ပြည်ပန်းညိုရွက်၊ ထန်းလျက်
တို့ကို ကျိုသောက်ပါက " သူ့ လိင်စို့ တော့ မကုန်တည်း " ဆိုသကဲ့သို့ပေါများ လာနိုင်သည်။ ပိုက်ဖေါင်း၊ ကိုယ်ရောင်၊ သွေးဒူလာ၊ ရိဖြူ ရိနီ နှင့် အဖျားရောဂါများတို့အတွက်
ယမ်းတေဇောငြိမ်းနှင့် ဖက်၍ သုံးနိုင်သည်။ ကန်စွန်းရွက် နှင့် ထန်းလျက် ကိုကျိုထားသော အရည်သည် ကလေးများ၏ ကျမ်းမာသန်စွမ်းမှုနှင့် မှတ်ဥာဏ်ကောင်းမှုတို့ကို
လက်တွေ့အကျိုးပြုနိုင်သည်။
ကျွနုပ်တို့ မိသားစု၏ ကျန်းမာရေးအတွက်ကား ကိုယ်ပူ ဖျားခြင်း၊ ပိုက်မကောင်းခြင်း၊ ဝမ်းဖောခြင်းတို့အတွက် ကလေးရော လူကြီးပါ ကန်စွန်းရွက်ကို ထန်းလျက်နှင့် ကျို၍
သောက်၏။ သောက်တိုင်းလည်း ပျောက်သည်သာများ၏။ အမှုန့်ပါမှ အလုံးဖြစ်မှ ဆေးမဟုတ် ရောဂါပျောက်လျင်ဆေးဖြစ်လေသည်။ ထို့ကြောင့် "က- ကန်စွန်းပင် ဆေးဘက်ဝင်"
ဟု ခွေးဆောင်ကျမ်းသက်နှစ် ၂၀၀-ပြည့် ပွဲကြီးမှာ မှတ်တမ်းတင်လိုက်ပါကြောင်း။
အနာကြီးကျယ်၊ ဆေးသိမ်ငယ်ဟု၊ ဆိုဘွယ်မထင်၊ ပမာမြင်သည်၊ နားဆင်ဥာဏ်ချိတ်၊ ရွှေချွန်းတည်း။
(နယရာသီ၊ ၁၇၅)
ဆ၇ာ ဦးဝင်းအောင် (သ၊ခ၊အ၊)
အောင်စည်သံ၊ ကမ္ဘာအေး
ဤ Post ကို နှစ်ပေါင်း ၂၀၀ ဆေးပညာ စာအုပ်ကိုကိုယ်တိုင်ဖတ်ရှုရေးသားထားခြင်းဖြစ်ပါသည်။ ဝါသနာရှင် မိတ်ဆွေများ နှင့် စိတ်ဝင်စားသူတိုင်း ဤစာအုပ်ကိုဒီမှာ Download လုပ်ယူနိုင်ပါသည်
ကျေးဇူးပါ
ReplyDelete